နားမလည်မှုများနှင့် အထင်အမြင်လွဲမှားနေမှုများကို ရှင်းလင်းချက်များ (၂)
March 16, 2009 by Admin
အစ္စလာမ်အပေါ် အထင်အမြင်လွဲမှားမှုများနှင့် ရှင်းလင်းချက်များ
          မျက်မှောက်ကာလ မြန်မာနိုင်ငံတွင် အစ္စလာမ်အပေါ် အထင်အမြင်လွဲမှားနေသော အဓိက အကြောင်းအရာများမှာ ၀တ်စားဆင်ယင်မှု၊ ကုရ်ဘာနီပြုမှုနှင့် အကြမ်းဖက်ဝါဒီများဟု ထင်မှတ်နေကြမှုများ ဖြစ်သည်။ ဤသို့ အထင်အမြင်လွဲမှားမှုများ ပိုမို၍ဖြစ်ပေါ်လာရခြင်းမှာ မီဒီယာများ၏ ထိုးနှက်ချက်များလည်း အများအပြား ပါဝင်ပေသည်။
မီဒီယာများ၏ ထိုးနှက်ချက်
          များစွာသောလူများသည် အနောက်တိုင်းမီဒီယာများနှင့် အရိယဆမာဂ်ျဝင်အချို့၏ မဟုတ်မမှန် ရေးသားချက်များအပေါ် အခြေခံပြီး အစ္စလာမ်အပေါ်တလွဲမြင်နေ နားလည်နေကြသည်။
          ယခုအခါ မီဒီယားများက အစ္စလာမ်၏ စစ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာအမြင်များကို ပြောဆိုလာနေကြသည်။ အစ္စလာမ်ဟူသော ဝေါဟာရကို သုံးစွဲလာသူတိုင်းသည် စစ်အကြောင်းကိုလည်း အပြောများလာခဲ့ကြသည်။ ဤနှစ်ခုအကြား  ဆက်စပ်မှုကလည်း သူ့အလိုလိုပင် ဖွံ့ဖြိုးတိုးတက်လာနေပေသည်။ အထူးသဖြင့် နိုင်ငံရေးသမားများ၊ စာနယ်ဇင်းများနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကလည်း အစ္စလာမ်ကို ကြောက်စရာအဖြစ် ထင်ဟပ်သွားအောင် `ဘာသာရေးစစ်’(Holy War) ဆိုပြီး မီဒီယာကဏ္ဍကိုသုံး၍ ဖြည့်စွက်ပြီး ဝေဖန်လာခဲ့ကြပါသည်။
          အစ္စလာမ်နှင့်ပတ်သက်ပြီး သတင်းမှားများ ပျံ့နှံ့လျက်ရှိသည်။ ဤသတင်းမှားအချက်အလက်များသည် ကျောင်းသုံးစာအုပ်များနှင့် မီဒီယာများတွင် စီးဝင်လျက်ရှိရာ ကမ္ဘာတစ်လွှားရှိ လူငယ်မျိုးဆက်သစ်များအကြားတွင် စွဲငြိကြီးစိုးနေလေသည်။ ယင်းတို့မှာ မွတ်စလင်မ်တို့အပေါ် ဆိုးကျိုးများကိုသာ အဘက်ဘက်မှ နည်းမျိုးစုံနှင့် ခံစားစေလျက်ရှိနေလေသည်။ ယင်းအချက်အလက်များသည် ကျောင်းသုံးစာအုပ်များ၊ ၀တ္ထုနှင့် ၀တ္ထုမဟုတ်သောစာစုများ၊ ရည်ညွှန်းစာအုပ်များ၊ စွယ်စုံကျမ်းများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများတွင်ပါ လွှမ်းမိုးချင်တိုင်း လွှမ်းမိုးနေပေသည်။
          တီဗွီ၊ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် အစ္စလာမ်သာသနာဝင် မွတ်စလင်မ်တို့၏ ပုံရိပ်များဟု ထင်ဟပ်စေသော ပြကွက်များပြသွားခဲ့ပြီး မွတ်စလင်မ်များသည် အစွန်းရောက်သူများ၊ အကြမ်းဖက်သူများ၊ အခြေခံဝါဒီများ စသည်ဖြင့် မလိုတမာပုံရိပ်များကို ဖော်ထုတ်ပြသလျက်ရှိပေသည်။ မီဒီယာလုပ်ငန်းကို လုပ်ကိုင် နေသူတို့သည် အစ္စလာမ်နှင့်ပတ်သက်၍ ဗဟုသုတနည်းပါးကြပြီး သာသနာကို အထင်အမြင်သေးကာ အစ္စလာမ်ကို ဆန့်ကျင်သည့် အစီအမံများကို အားပေးစေကြောင်း တွေ့နေရပါသည်။
ကုရ်ဗါနီ
          ကုရ်ဗါနီသည် တုနှိုင်းမဲ့ကျေးဇူးတော်ရှင်၏သစ္စာတော်ကို စောင့်သိရိုသေခြင်းနှင့် အမှန်တရားအတွက် စွန့်လှူခြင်းသာလျှင်ဖြစ်သည်။ ကုရ်ဗါနီဟူသောစကားသည် အရဗီဝေါဟာရ ကုရ်ဗါန်မှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။ ကုရ်ဗါနီသည် အနီးသို့ချဉ်းကပ်ခြင်း၊ နီးကပ်စေသောအရာဟူ၍ အဓိပ္ပါယ်ရသည်။ အလ္လာဟ် အရှင်မြတ်ထံသို့ နီးကပ်စေခြင်းပြုသည့်အရာဟူသော အဓိပ္ပါယ်ဖြင့် သုံးစွဲထားပါသည်။ သားကောင် တစ်ကောင်ကိုဖြစ်စေ၊ အလှူဒါနတစ်ခုခုကိုဖြစ်စေ၊ ကောင်းမှုတစ်ခုကိုဖြစ်စေ စွန့်လှူမှုကို ရည်ညွှန်းပါသည်။
ကုရ်ဗါနီကျင့်စဉ်သည် တစ်ပါးတည်းသောအလ္လာဟ်ကို နာခံဘ၀တည်ဆောက်မှုလမ်းစဉ်၌ အဓိက လိုအပ်ချက်တစ်ရပ်ဖြစ်ပေသည်။ သောင်ဟီးမ်(အလ္လာဟ်တစ်ပါးတည်း ပြီးပြည့်စုံစွာရှိခြင်း)တရားကို စောင့်ထိန်းရန်အတွက် အလ္လာဟ်မှလွဲ၍ အခြား မည်သည့်အရာကိုမျှ တသ၍ သတ္တ၀ါကို လှီးဖြတ်ခွင့်မပြုချေ။
သားကောင်ကို ဇဗဟ်လှီးဖြတ်ခြင်း(သို့မဟုတ်)ကုရ်ဗါနီကျင့်စဉ်သည် အမျက်ဒေါသဖြစ်နေသော နတ်ဆိုးကြီးကို အမျက်ပြေရန်ယဇ်ပူဇော်ခြင်းမဟုတ်။ မိမိ၏အပြစ်များပပျောက်အောင် ဆေးကြောမှု ပြုလုပ်နေခြင်းလည်းမဟုတ်၊ ကျေးဇူးတော်ရှင် အလ္လာဟ်အသျှင်မြတ်အတွက် စွန့်လှူရန် အမြဲအသင့်ရှိကြောင်း အတွင်းနှလုံးသားမှ ခံယူချက်ကို ပြင်ပသင်္ကေတအဖြစ် ပြသခြင်းသာဖြစ်သည်။
တိရိစ္ဆာန်တို့ကို လူသားအတွက် လက်အောက်ခံစားသုံးရာအဖြစ် အလ္လာဟ်ကသတ်မှတ်ပေးထားပေရာ တိရိစ္ဆာန်သည် လူကိုနာခံသကဲ့သို့ လူသားကလည်း မိမိ၏အရှင်သခင် အလ္လာဟ်အရျှင်မြတ်ကို နာခံရန် အသင့် ရှိရပေမည်။ စားသုံးခွင့်ရှိသော တိရိစ္ဆာန်ကိုပင် ပိုင်ရှင်အစစ်အမှန်ဖြစ်သော ကျေးဇူးတော်ရှင် အလ္လာဟ် အရှင်မြတ်၏နာမတော် ခွင့်ပြုချက် တသလှီးဖြတ်ပြီးမှ စားသုံးခြင်းမှာ သစ္စာတရားကို စောင့်ထိန်းခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သားကောင်ကို ကုရ်ဗါနီပြုခြင်းမှာ နာခံခြင်း၏ ပြင်ပသင်္ကေတသာဖြစ်ပြီး အမှန်တကယ် စွန့်လှူရမည်မှာ မိမိ၏စိတ်နှလုံးသားနှင့် ယင်းမှ ရှိုင်ဿွာန်(အဖျက်မိစ္ဆာ)အင်အားစုများ၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန စသည့် တရားများပင်ဖြစ်ပေသည်။
ဒါကြောင့် အလ္လာဟ်အရျှင်မြတ်က ကုရ်ဗါနီအနှစ်သာရနှင့်ပတ်သက်၍ . . . . .
“ထိုသတ္တ၀ါတို့၏ အသားတို့သည်လည်းကောင်း၊ အသွေးတို့သည်လည်းကောင်း အလ္လာဟ်ထံသို့ မည်သည့်အခါမျှမရောက်ချေ။ သို့သော် သင်တို့ထံမှ (သက္က၀ါ)အလ္လာဟ်သိစိတ်ဖြင့် တာဝန်ကျေခြင်းသာလျှင် ထိုအရှင်မြတ်ထံသို့ ရောက်ရှိပေသည်။ ဤနည်းအတိုင်းပင် ထိုအသျှင်မြတ်သည် ယင်း(သားကောင်)တို့ကို အသင်တို့အကျိုးငှာ လက်အောက်ခံဖြစ်စေတော်မူခဲ့သည်။ အသင်တို့ကို အလ္လာဟ်လမ်းညွှန်ခဲ့သည့်အတိုင်း အလ္လာဟ်သည် အကြီးကျယ်ဆုံးဖြစ်ကြောင်း သင်တို့ကြွေးကြော်ကြစေရန်အလို့ငှာဖြစ်သည်။ ကောင်းကျိုးပြုသူ တို့အား ၀မ်းမြောက်ဖွယ် သတင်းကောင်းကိုပေးလော့။” (ကုရ်အာန် ၂၂း၃၇)
အစ္စလာမ်သာသနာက သွေးကိုမစားသောက်ရန် တားမြစ်ပါသည်။ သွေးသည် ရောဂါပိုးများ ကိန်းဝပ်ရာဖြစ်၍လည်းကောင်း၊ သားရဲတိရစ္ဆာန်များစားသုံးခြင်းဖြင့်လည်းကောင်း၊ ထိုကဲ့သို့ ရက်စက် ကြမ်းကြုတ်မှုဖြစ်မည်ကြောင့်လည်းကောင်း တိရစ္ဆာန်ခန္ဓာကိုယ်မှသွေးများကိုထုတ်ပစ်ရန် အရေးကြီးပါသည်။
-         တိရစ္ဆာန်တို့၏သွေးများကို ကုန်စင်အောင်ထွက်စေသောနေရာမှာ ၎င်းတို့၏လည်ပင်းမှ သွေးကြောများးဖြစ်ပါသည်။ လည်ကိုလှီးလိုက်လျှင် ခန္ဓာကိုယ်တွင်းမှသွေးများ တစ်ခဏချင်းနှင့် ကုန်စင်အောင်ထွက်သွား၍ ခဏချင်းအသက်ထွက်သွားပါသည်။
-         တိရစ္ဆာန်ကို လည်လှီးရာတွင် သွေးကြောများကို အမြန်ဆုံးပြတ်စေရန် ထက်မြက်သောဓားဖြင့်လှီးရန် စည်းကမ်းသတ်မှတ်ချက်ရှိပါသည်။ တိရစ္ဆာန်ကို ကြာရှည် မခံစားရစေရန်လည်း ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
-         ဇဗဟ်လုပ်သူ(လှီးဖြတ်သူ)သည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ရမည်။ သို့တည်းမဟုတ် ဖန်ဆင်းရှင် ကျေးဇူးရှင်အလ္လာဟ် အသျှင်မြတ်ကို သက်ဝင်ယုံကြည်သူ တစ်ဦးဖြစ်ရမည်။ အလ္လာဟ်အရျှင်မြတ်ကို ယုံသော်လည်း အလ္လာဟ်နှင့် တစ်စုံတစ်ရာကို တန်းတူထား ကိုးကွယ်သူ၊ တသသူတစ်ဦးပြုလုပ်ပါကမပိုင်ချေ။ မူးယစ်နေသူ၊ ရူးသွပ်နေသူ၊ အရွယ်မရောက်သေး၍ ဆင်ခြင်တုံတရားမသုံးတတ်သေးသူ မဖြစ်ရပါ။ အသိတရားနှင့်ယှဉ်၍ ပြုလုပ်နိုင်သူဖြစ်ရမည်။
-         ကုရ်ဗါနီပြုလုပ်သူများသည် (၁) မိမိကိုယ်မိမိ မာနနှိမ့်ချသူဖြစ်ရမည်။ (၂) အလ္လာဟ်နှင့်ပတ်သက်၍ ကြားသိတိုင်း စိတ်နှလုံးသည် လှုပ်ရှားငံ့လင့်နေကြရမည်။ (၃) အခက်အခဲများကြုံတွေ့လျှင်လည်း ကြံ့ခိုင်ခြင်း တရား(ဆွဗရ်)ရှိရမည်။ (၄) ဆွလာသ်ဝတ်ပြုမှုကို စွဲမြဲစွာ တည်ဆောက်ရမည်။ (၅) အလ္လာဟ်က မိမိအား ထောက်ပံ့ပေးထားသောအရာများမှ လှူဒါန်းကြရမည်။
ဝတ်စားဆင်ယင်မှု
          အစ္စလာမ်သာသနာသည် ကမ္ဘာပေါ်ရှိနိုင်ငံများတွင် လူမျိုးတစ်မျိုးတည်းက ယုံကြည်ကိုးကွယ်သော သာသနာမဟုတ်ပါ။ အစ္စလာမ်သာသနာကိုးကွယ်သောလူမျိုးတို့သည် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ ယဉ်ကျေးမှုနှင့် ဆိုင်သော ၀တ်စားဆင်ယင်မှုများဖြင့် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကိုးကွယ်နေကြသည်။
          လူသားတို့၏ ကိုယ်ခန္ဒာနှင့် ကာအိနြေ္ဒကို လုံခြုံမှုရှိစေရန်နှင့် ရာသီဥတု၏ အပူအအေးဒဏ်ကို ကာကွယ်ရန် ၀တ်စားတန်ဆာများသည် အစ္စလာမ်သာသနာတော်၏ တရားစည်းကမ်းသတ်မှတ်ပြဋ္ဌာန်းချက်များ နှင့် မဆန့်ကျင်သော မိမိနေထိုင်ရာဒေသပတ်ဝန်းကျင်လူသားများ၏အမြင်တွင် ယဉ်ကျေးလေးစားမှုရှိစေမည့် ကြည့်ကောင်း ရှုကောင်းစေရန် လှပတင့်တယ်စွာဝတ်စားဆင်ယင်ကြရပေမည်။
          အစ္စလာမ်သာသနာဝင်တို့သည် ၀တ်စားဆင်ယင်မှုတွင် သန့်ရှင်းစင်ကြယ်စေရမည်၊ လှပတင့်တယ်စွာ ၀တ်ဆင်ကြရမည်။ အနေအထိုင်၊ အပေါင်းအသင်း၊ ဆက်ဆံပြောဆိုမှုများတွင် ကြွားဝါခြင်းနှင့် ဖြုန်းတီးခြင်း၊ စည်းကမ်းမဲ့ခြင်းများကို အစ္စလာမ်သာသနာ၏ တရားစည်းကမ်းစည်းမျဉ်းဥပဒေများက လုံးဝပိတ်ပင်ထားရှိခဲ့ ပေသည်။
          တရုတ်ပြည်ရှိ အစ္စလာမ်သာသနာဝင်တို့သည် တရုတ်လူမျိုးရေးဆိုင်ရာယဉ်ကျေးမှုနှင့်အညီ ၀တ်စား ဆင်ယင်ကြသည်။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့ရှိ မွတ်စလင်မ်များသည် အင်္ကျီရှည်(ကုရ်သာရ်)များ၊ ရှေရ်ဝါနီနှင့် ကမီဇ်အင်္ကျီတို့ကို ၀တ်ဆင်ကြသည်။ မလေးရှားနိုင်ငံရှိ မလေးမွတ်စလင်မ်များသည်လည်း မလေး ယဉ်ကျေးမှုနှင့်အညီ ၀တ်ဆင်ကြသည်။
          မြန်မာနိုင်ငံသို့ အစ္စလာမ်သာသနာသည် အာရဗ်နိုင်ငံ၊ ပါရှန်းနိုင်ငံများမှ ရှေးဦးစွာရောက်ရှိခဲ့ကြောင်း တွေ့ရသော်လည်း မြန်မာနိုင်ငံ၏ အနောက်ဘက်တွင်ကပ်လျက်ရှိသော အိန္ဒိယမှ ကျင့်စဉ်များနှင့် ယဉ်ကျေးမှုများ အများအပြားဝင်ရောက်ခဲ့ကြောင်းကိုတွေ့ရသည်။ မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာတွင် အိန္ဒိယ ယဉ်ကျေးမှု၊ အတွေးအခေါ်များ၊ အချို့ထုံးတမ်းဓလေ့များ၊ အသုံးအနှုန်းများနှင့် မကြာခဏ ရောထွေးယှက်တင် ဖြစ်နေသည်ကို တွေ့ရလေသည်။
          ယနေ့ကမ္ဘာ့နိုင်ငံအသီးသီး၌ နေထိုင်လျက်ရှိကြသော လူသားမျိုးနွယ်ဝင် လူမျိုးအသီးသီးတို့သည် ကာအိနြေ္ဒအရှက်ကို ကာကွယ်ဖုံးအုပ်ရန်နှင့် ရာသီဥတု၏ အပူဒဏ်၊ အအေးဒဏ်ကိုခံနိုင်ရန်အတွက် အချိန်အခါ၊ အခြေအနေ၊ ဒေသအလိုက် မိမိတို့ အမျိုးသားယဉ်ကျေးမှုအရ ပုံစံအမျိုးမျိုးဖြင့် ၀တ်စားဆင်ယင် ထုံးဖွဲ့နေထိုင်လျက်ရှိကြသည်။ အလ္လာဟ်အရှင်မြတ်သည်လည်း လူသားထုတစ်ရပ်လုံးအတွက် လိုအပ်သော ၀တ်ဆင်အသုံးပြုနိုင်ရန် ဖန်ဆင်း၊ ဖန်တီး၊ စီမံထားပြီးဖြစ်သည်။ ကုရ်အာန်ကျမ်းတော်မြတ်၌ ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်သည် မည်သည့်ပုံစံဖြင့် ၀တ်ဆင်ရမည်ဟု ဘောင်ခတ် သတ်မှတ်ပြဋ္ဌာန်းထားခြင်း လုံးဝမရှိပေ။
          ‘အို … အာဒမ်၏ သားသမီးအပေါင်းတို့ ငါ(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့၏ အရှက်ကို ဖုံးအုပ် ကာကွယ်သည့် အ၀တ်အထည်ကိုလည်းကောင်း၊ (အသင်တို့) လှပတင့်တယ်စွာ ၀တ်ဆင်ကြရန် ၀တ်စားတန်ဖာ ကိုလည်းကောင်း စီမံဖန်ဆင်းထားတော်မူခဲ့၏။ သို့ရာတွင် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ခြင်း၊ ဟီရိသြတ္တပ္ပတရား တည်းဟူသော ၀တ်စားတန်ဆာသည်ကား (အမြင့်မြတ်ဆုံး) အကောင်းဆုံးဖြစ်ပေသည်။ ဤသည်ကား ထိုသူတို့ လေ့လာမှတ်သားစဉ်းစားဆင်ခြင်နိုင်ကြရန် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများပင်ဖြစ်ပေသည်။’ (ကုရ်အာန် ၇း၂၆)
          အထက်ပါ ကုရ်အာန်ကျမ်းတော်မြတ်၏ ဗျာဒိတ်တော်တွင် ၀တ်စားတန်ဆာများကို အလ္လာဟ်အရှင် စီမံဖန်ဆင်းထားခြင်း၏ အဓိကရည်ရွယ်ချက်ကို ဖော်ထုတ်မိန့်ကြားတော်မူခဲ့၏။ လူသားတို့၏ အရှက်အစိတ်အပိုင်းများနှင့် ရာသီဥတု၏ အပူဒဏ်၊ အအေးဒဏ်ကို ဖုံးအပ်ကာကွယ်ရန် အဓိကဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေပေသည်။
          ကျွန်ုပ်တို့မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ စုဝေးနေထိုင်ရာနိုင်ငံဖြစ်ရာ အစ္စလာမ်သာသနာကိုးကွယ်မှု သည် မြန်မာတိုင်းရင်းသားလူမျိုးစုတစ်စုတည်းက ကိုးကွယ်သည်မဟုတ်ပဲ တိုင်းရင်းသားလူမျိုးစုများ (ရခိုင်၊ မွန်၊ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ဗမာ၊ …) ထဲမှ ကိုးကွယ်သူများလည်းရှိနေကြသည်။ မြန်မာတိုင်းရင်းသား အစ္စလာမ် သာသနာဝင်တို့သည်လည်း ဘုရင့်နေပြည်တော်တွင်နေထိုင်ကြသော အဆက်အနွယ်များဖြစ်ကြသဖြင့် မြန်မာ့ယဉ်ကျေးမှုများအတိုင်းသာ ၀တ်စားဆင်ယင်ခဲ့ကြသည်။ အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်ကြသော တိုင်းရင်းသားများသည် သက်ဆိုင်ရာလူမျိုးများ၏ ၀တ်စားဆင်ယင်မှုအတိုင်း ၀တ်ဆင်ကြသည်။ အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သည့်အတွက် ၀တ်စားဆင်ယင်မှုမှာ တစ်မျိုးတည်းမဖြစ်၊ တစ်မျိုးတည်း ဖြစ်ရမည်ဟုလည်း အစ္စလာမ်ကမဆိုပေ။ မိမိတို့လူမျိုးရေးဆိုင်ရာ ၀တ်စားဆင်ယင်မှုနှင့်ပင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်နေနိုင်ကြသည်။
          မွတ်စလင်မ် ဂုဏ်သိက္ခာရှိရန်နှင့် လှပတင့်တယ်မှုရှိရန် ၀တ်စားဆင်ယင်မှုပုံစံသည်ကား အစ္စလာမ်သာသနာ၏ တရားစည်းရမ်းဥပဒေနှင့်မဆန့်ကျင်သော မိမိတိုင်းပြည်၊ မိမိလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ၀တ်စုံတို့သည်သာ အသင့်တော်ဆုံး၊ အကောင်းဆုံး ၀တ်စားတင်ယင်ခြင်းဖြစ်ပေသည်။ ဤသို့ဝတ်စားဆင်ယင်မှု ပြုခြင်းကို အစ္စလာမ်သာသနာတော်က မပိတ်ပင် မတားမြစ် ခွင့်ပြုထားသည်။
အစ္စလာမ်သည် အကြမ်းဖက်သာသနာမဟုတ်
          အစ္စလာမ်သာသနာသည် မိမိနှင့် ထိတွေ့လာသမျှသော ယဉ်ကျေးမှုများကို ထိခိုက်နစ်နာအောင်ပြုလေ့ မရှိပဲ ပိုမိုကောင်းမွန်တိုးတက်ရာတိုးတက်ကြောင်းကို မည်သို့ဖန်တီးပေးခဲ့ကြောင်းကို ကမ္ဘာ့လူသားတို့သည် မသိရှိကြသည်မဟုတ်ပါ။ သို့သော် ယနေ့ခေတ်ကမ္ဘာတွင် အစ္စလာမ်သည် ကမ္ဘာနှင့်အ၀န်းတွင် အထင်မြင် အစောင်းခံရဆုံး ဖြစ်နေသည်။ ယေဘူယျအားဖြင့် အစ္စလာမ်ကို  ခေတ်တုံးနေသောအယူတစ်ရပ်အဖြစ် ထောက်ပြကြပါသည်။ အစ္စလာမ်သာသနာဝင်များသည် လွန်ခဲ့သော နှစ်ပေါင်း(၁၄၀၀)ကျော်က ပွင့်ပေါ်ခဲ့သော တမန်တော်မုဟမ္မဒ်ကို အမြဲတစေကိုးကားပြီး ခေတ်နောက်ပြန်ဆွဲကာ ပြောဆိုနေကြသည်ဟု စွပ်စွဲကြသည်။
          ယခု မျက်မှောက်ကာလတွင်ပင် အစ္စလာမ်သာသနာဝင်များသည် အကြမ်းဖက်ဝါဒီများဖြစ်နေသည်ဟု စွပ်စွဲခံရသည်။ အကြမ်းဖက်မှုမှန်သမျှကို အစ္စလာမ်သာသနာဝင်များအပေါ် အပြစ်ပုံချနေသည်။ ၁၉၉၀-ပြည့်နှစ်မှ ၁၉၉၄-ခုနှစ်အထိ (၅)နှစ်တာအတွင်း အကြမ်းဖက်မှု (၂၈)မှုတွင် နိုင်ငံတကာအပိုင်းက (၂)ခုသာရှိ၏။ ကျန်အကြမ်းဖက်မှုများကား အမေရိကန်ဒေသခံအုပ်စုများနှင့် လူပုဂ္ဂိုလ်များက ပြုလုပ်ခြင်းသာဖြစ်သည်ဟု (FBI) အစီရင်ခံစာက ဆိုထားသည်။ ဤကိန်းဂဏာန်းများကိုကြည့်ပါက အဖြေမပေါ်သည့် အကြမ်းဖက်မှုမှန်သမျှကို အစ္စလာမ်သာသနာဝင်များအား အပြစ်ပုံချ၍ မရနိုင်တော့ပါ။
          အကြမ်းဖက်လုပ်ရပ်များသည် ဘာသာတရားနှင့် မပတ်သက်ပါ။ တလွဲတချော်သွန်သင်ချက်များကို ၀ါဒဖြန့်သိမ်းသွင်းနေသည့် ပုန်းလျှိုးကွယ်လျှိုး မသမာသူတွေရှိနေပါသည်။ ဤမသမာသူများသည် အစ္စလာမ်ကို အလွဲလွဲအချော်ချော် အထအနကောက်ခဲ့ကြသည်။ ယုံကြည်ချက်ဟူသည် မိမိတို့ထဲမှ မွတ်စလင်မ်ကိုဖြစ်စေ၊ မွတ်စလင်မ်မဟုတ်သူကိုဖြစ်စေ လိုက်လံသတ်ဖြတ်နေခြင်း၊ သွေးစွန်းစေခြင်း၊ အကြမ်းဖက်ခြင်းနှင့် အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်းများမဟုတ်ပါ။ ကုရ်အာန်ကျမ်းတော်မြတ်တွင် ‘အကြောင်းမဲ့ အသက်တစ်ချောင်းသတ်ခြင်း သည်ပင်လျှင် ရှိရှိသမျှအသက်ကို သတ်ခြင်းနှင့်တူ၏။ အသက်တစ်ချောင်းကို ကယ်တင်ခြင်းသည် ရှိရှိသမျှ အသက်ကို ကယ်တင်ခြင်းနှင့်တူ၏’ ဟု ပါရှိလေသည်။ တမန်တော်မြတ်(ဆွ)သခင်ကလည်း ‘ကမ္ဘာ့အရှေ့ခြမ်းက လူသတ်မှုဖြစ်တယ်ဆိုရင် ကမ္ဘာ့အနောက်ခြမ်းမှလူက ၀မ်းမြောက်ဝမ်းသာဖြစ်တယ်ဆိုရင် ထိုသူသည် သတ်သူနဲ့ ကြံရာပါပဲဖြစ်တယ်’ဟု မိန့်ခြွေထားပါသည်။
          အစ္စလာမ့်လမ်းညွှန်ဆုံးမမှုများနှင့်သွေဖည်သွားသော လူတစ်စု၏လုပ်ရပ်ကို အခြားသော အစ္စလာမ် သာသနာဝင်လူများစုက ထောက်ခံအားပေးမှုမပြုခဲ့ပေ။ လွဲမှားသော ဂျိဟာဒ်ဆင်နွှဲရန် မေတ္တာရပ်ခံချက်ကို ကမ္ဘာပေါ်ရှိ အစ္စလာမ်သာသနာဝင် အများစုနှင့် သာသနာ့ပညာရှင်များက ပယ်ချလိုက်သည်။ အမေရိကန် အစ္စလာမ့်ဆက်ဆံရေးကောင်စီ(ကနေဒါရုံး) (AIR နှင့် ကနေဒါနိုင်ငံဆိုင်ရာ မွတ်စလင်မ်ပြည်သူ့လွတ်လပ်မှုအဖွဲ့ တို့က ထုတ်ပြန်သည့်ကြေညာချက်တွင် ‘အစ္စလာမ်သာသနာသည် လူ့အသက်အား အလေးအမြတ်ထာသည်။ ထို့ကြောင့် အပြစ်မဲ့သူများအား အန္တရာယ်ကျရောက်စေမည့်ကိစ္စမှန်သမျှကို လက်မခံနိုင်ပါ။ အပြစ်မဲ့သူများအား အန္တရာယ်ပြုရန် ဘာသာရေးစစ်ကို ခုတုံးလုပ်ခြင်းသည် အစ္စလာမ်၏ သဘောသဘာဝနှင့် ဖီလာဆန့်ကျင်နေသည်’ဟု ပါရှိပါသည်။
ဤကြေညာချက်ကို အစ္စလာမ်သာသနာ့ ပညာရှင်များက ထောက်ခံခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ အစ္စလာမ်ဘာသာရေးခေါင်းဆောင်ကြီးများကလည်း အကြမ်းဖက်မှုဆန့်ကျင်သည့် ကြေညာချက်များကို ထုတ်ပြန်ခဲ့ကြသည်။
          အရှေ့အလယ်ပိုင်းနှင့် မြောက်အမေရိကရှိ အစ္စလာမ်သာသနာ့ပညာရှင် (၆)ဦးမှလည်း ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် ''အကြမ်းဖက် လုပ်ရပ်သည် အစ္စလာမ်သာသနာဥပဒေအရ လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်သောပြစ်မှု ဖြစ်သည်''ဟုဖော်ပြပါရှိလေသည်။
ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ပြုလုပ်ခဲ့သော မွတ်စလင်နိုင်ငံ (၅၆)နိုင်ငံပါဝင်သည့် အစ္စလာမ်အဖွဲ့ကြီး၏ အရေးပေါ်အစည်းအဝေးကလည်း 'ဤကဲ့သို့သော အကြမ်းဖက်မှုများသည် ဘာသာအားလုံး၏ အဆုံးအမများနှင့် လူ့တန်ဖိုး၊ စာရိတ္တပိုင်းဆိုင်ရာတန်ဖိုး အားလုံးကို ဆန့်ကျင်နေသည်'ဟု တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။
ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ပြုလုပ်ခဲ့သော မွတ်စလင်နိုင်ငံ (၅၆)နိုင်ငံပါဝင်သည့် အစ္စလာမ်အဖွဲ့ကြီး၏ အရေးပေါ်အစည်းအဝေးကလည်း 'ဤကဲ့သို့သော အကြမ်းဖက်မှုများသည် ဘာသာအားလုံး၏ အဆုံးအမများနှင့် လူ့တန်ဖိုး၊ စာရိတ္တပိုင်းဆိုင်ရာတန်ဖိုး အားလုံးကို ဆန့်ကျင်နေသည်'ဟု တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။
          အစ္စလာမ်သည် မျက်ကန်းစစ်ဆန့်ကျင်ရေးဝါဒနှင့် မျက်ကန်းငြိမ်းချမ်းရေးဝါဒကို ညွှန်ပြမထားပါ။ အကြမ်းဖက်ဝါဒ စွန့်လွှတ်လာရေးအတွက် ဖြေရှင်းရန်တာဝန်ရှိကြောင်းကို ပြဆိုထားပါသည်။ အစ္စလာမ်တွင်  ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ကြိုးပမ်းမှုအဖြစ် ဂျိဟာဒ်ဆင်နွှဲရာ၏။ မိမိတို့ကစပြီး တိုက်ခိုက်ခြင်းအား တားမြစ်ထားပြီး မိမိကိုယ်ကိုကာကွယ်ရန်အရေးကိုမူ အစ္စလာမ်ကခွင့်ပြုထားပြီး ရနိုင်သမျှနည်းလမ်းစုံကို အသုံးပြုကာ ငြိမ်းချမ်းရေးကိုရယူရန်လည်း ပြဆိုထားပါသည်။
          အစ္စလာမ့်ဘဝတည်ဆောက်မှုသည် ကမ္ဘာ့လူသားအားလုံး၏ စွမ်းရည်များကို အမြင့်ဆုံး ဖွံ့ဖြိုးတိုးတက်စေသည်။ ယနေ့ကမ္ဘာ၏ ပကတိအခြေအနေတို့ကို သိရှိစေရန် ကမ္ဘာ့ကုလသမ္မဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့၊ မြောက်အတ္တလန္တိတ် စာချုပ်နိုင်ငံများ အစရှိသည့် ကမ္ဘာ့အဖွဲ့အစည်း အသီးသီး၏ လူသားချင်းစာနာမှုနှင့် ပတ်သက်၍ အကောင်အထည်ဖော်လုပ်ဆောင်ချက်များသည်လည်း အစ္စလာမ်သာသနာ၏ ကျမ်းတော်မြတ်ကုရ်အာန်၏ လမ်းညွှန်မှု၊ တမန်တော်မြတ်(ဆွ)ကိုယ်တိုင် စံပြလက်တွေ့ ဖော်ဆောင်လိုက်နာခဲ့မှုများနှင့် ထပ်တူထပ်မျှ ညီနေပေသည်။
ယနေ့ကမ္ဘာတွင် တရားမျှတမှုကို အဓိကထားဆောင်ရွက်နေပေသည်။ အစ္စလာမ်သာသနာတွင် တရားမျှတခြင်းနှင့်ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန် (၅း၈)တွင် 'မှတ်သားသတိပြုကြကုန်လော့၊ အုပ်စုတစ်စုအား ရန်သူဖြစ်နေသည့်အတွက်ကြောင့် အသင်တို့ မတရားဆုံးဖြတ်ခြင်း မပြုကြကုန်လင့်။ တရားသဖြင့် အစဉ်ဆုံးဖြတ်ကြကုန်လော့။ ဤသို့တရားမျှတစွာ ဆုံးဖြတ်ခြင်းသည်သာ အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှု အတိုင်းဖြစ်သည်' ဟု အတိအလင်းဖော်ပြပါရှိလေသည်။
          ယနေ့ကမ္ဘာ့လူသားတို့လုပ်ဆောင်နေကြသည့် ဘဝတည်ဆောက်မှုစနစ်များသည် ကျမ်းတော်မြတ် ကုရ်အာန်တွင် အတိအလင်းပါရှိခဲ့ပြီးဖြစ်သည်။ ဥပမာ - မွေးကင်းစ ကလေးငယ်များမိခင်နို့တိုက်ကျွေးရန် အရေးပါပုံ၊ ကမ္ဘာ့လူသားအားလုံးသည် အိမ်ထောင်စုကြီးဖြစ်သည်ဟူသောအဆိုပြုချက်၊ ယဉ်ကျေးမှု၊ စားဝတ်နေမှု၊ လွတ်လပ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေရေးရာ၊ အမျိုးသမီးများ၏ အခွင့်အရေး၊ ယောကျာ်းနှင့် မိန်းမတန်းတူဖြစ်သည်ဟူသောအဆိုပြုချက်၊ ဝိဇ္ဇာသိပ္ပံပညာရပ်များ၊ ကလေး သူငယ်များ စောင့်ရှောက်မှု၊ မိဘနှင့် သားသမီးဆက်ဆံရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုပေါင်းသင်း ဆက်ဆံရေး စသည်တို့ဖြစ်သည်။ မွေးကင်းစကလေးငယ်များမိခင်နို့တိုက်ကျွေးရန်အရေးပါကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန် (၂၈း၇) တွင် အတိအလင်း ပရှိလေသည်။ ကမ္ဘာ့လူသားအားလုံးသည် အိမ်ထောင်စု ကြီးဖြစ်သည်ဟူသော သုတေသီများ၏ အဆိုပြုချက်မှာလည်း ကျမ်းတော်မြတ်ကုရန်အာန် (၂း၂၁၃)နှင့် (၁၇း၇၀)တို့တွင် လည်းကောင်း ဖော်ပြပါရှိလေသည်။
          ဤကဲ့သို့သော အစ္စလာမ့်အဆုံးအမလမ်းညွှန်မှုများကို သိကြရသောအခါ ကမ္ဘာ့လူသားထုထဲမှ အများအပြါးသော လူတို့သည် အစ္စလာမ်သာသနာနှင့် အစ္စလာမ်သာသနာဝင်များအပေါ်တွင် ထင်မြင် လွဲမှားမှုများ လျော့ပါးသွားကြသည်။ လူမျိုးတစ်မျိုးတည်းကကိုးကွယ်နေရာ၊ ယုံကြည်နေရာ၊ သဘောတရား တစ်ခုလိုလို အစ္စလာမ်ကိုတလွဲမြင်၊ တလွဲထင် ခေါ်ဆိုနေကြခြင်းလျော့ပါးသွားလေသည်။ ဤကဲ့သို့သော အခြေအနေအချိန်အခါမျိုးတွင် အစ္စလာမ်သာသနာသည် သည်းခံခြင်းတရား လက်ကိုင်ထားကာ ငြိမ်းချမ်းရေးသာသနာ အမှန်ပင်ဖြစ်ကြောင်းကို လက်တွေ့ဖော်ဆောင်ပြရမည်ပင် ဖြစ်သည်။
          တမန်တော်မြတ်ကြီး(ဆွ)က 'မွတ်စ်လင်မ်ဟူသည် မိမိ၏နှုတ်လျှာနှင့်လက်များသည် လူသားအားလုံး အတွက် လုံခြုံမှုရှိသူဖြစ်သည်။ မိမိအိမ်နီးချင်းများအား စိတ်မချမ်းသာအောင်ပြုလုပ်သောသူသည် မွတ်စ်လင်မ် မဟုတ်'ဟု မိန့်ဆိုထားသည်။
          မာတင်လူသာကင်းဂျုနီယာကလည်း အမုန်းတရားကို အမုန်းဖြင့် ပပျောက်အောင် မလုပ်နိုင်၊ ချစ်ခြင်း မေတ္တာဖြင့်သာ ချေဖျက်နိုင်ပေသည်ဟု ပြောဆိုခဲ့သည်။ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချေက ပြေါဆိုခဲ့ဖူး သည်မှာ 'အယူသည်းသူ ဆိုသည်မှာ သူ၏စိတ်ကို မပြောင်းလဲနိုင်သလို၊ အကြောင်းအရာကိုလည်း ပြောင်းလဲ မည့်သူမဟုတ်ပေ'ဟု ဆိုခဲ့ဖူးသည်။ အိန္ဒိယနိုင်ငံမျိုးချစ်ပုဂ္ဂိုလ်ကြီး မဟတ္တမဂန္ဒီကလည်း 'သည်းမခံတတ်ခြင်း သည် မိမိ၏ အရေးကိစ္စနှင့် ယုံကြည်မှု မခိုင်မာသေးကြောင်းကိုဖော်ပြသည်'ဟု ဆိုခဲ့သည်။ ပြင်သစ်ကဗျာဆရာ နှင့် ဝတ္တုရေးဆရာ ဗစ်တာဟူဂိုးကမူ 'သည်းခံတတ်ခြင်းသည် အကောင်းဆုံးသော ဘာသာတရားပင်ဖြစ် သည်'ဟု အဆိုအမိန့်ရှိခဲ့လေသည်။
          အောက်စဖို့ဒ်တက္ကသိုလ် အစ္စလာမ်မစ်စင်တာဖွင့်ပွဲ၌ ချားလ်စ် မင်းသားက 'အစ္စလာမ်ရဲ့နှလုံးသားမှာက စကြဝဠာကြီးတစ်ရပ်လုံးကို ပြည့်ပြည့်ဝ၀ကြီးရှု့မြင်မှုကို စောင့်ထိန်းထားပါတယ်။ လူနှင့် သဘာဝကို ကတ္တားခြါးမထားပါဘူး။ သိပ္ပံနှင့် ဘာသာတရားကို တစ်သီးတစ်ခြါးဖယ်ကြဉ်မထားပါဘူး။ ရုပ်နဲ့နာမ်ကို တစ်ပိုင်းစီခွဲမထားပါဘူး။ နာမ်တရားကို အလေးထားသလို လောကီရဲ့ မြင့်မြတ်ရာရာများကိုလည်း စုစည်း ညီညွတ်စွာနဲ့ ခံယူသဘောပေါက်ထားပါတယ်။ သဘာဝပတ်ဝန်းကျင်ကြီးနှင့် ပတ်သက်ပြီး ကျုပ်တို့အပေါ်မှာ တင်ရှိနေတဲ့ တာဝန်ပိုင်းနဲ့ လောကကြီးကို အုပ်စိုးထိန်းကွပ် အကျိုးဆောင် သွားပေးရမယ့် ဦးစီးဦးရွက်အဖြစ် ကိုပါ ရှင်းရှင်းလင်းလင်းကြီး သဘောပေါက်သိမြင် နားလည်ထားစေပါတယ်'ဟု သူ၏အမြင်ကို ပြောကြားသွားလေသည်။
          အဆိုပါပုဂ္ဂိုလ်ကြီးများ၏ စကားများသည် အစ္စလာမ်အဆုံးအမများနှင့် တစ်ထပ်တည်းရှိနေသည်။ ထို့ကြောင့် အစ္စလာမ်သာသနာသည် မည်ကဲ့သို့သော သာသနာ ဖြစ်ကြောင်းကို ကမ္ဘာ့လူသားတို့နားလည် သဘောပေါက်လက်ခံ နိုင်ကြမည်ဖြစ်လေသည်။
0
Your rating: None